IQ / EQ လို့ ပြောလိုက်ရင် တော်တော်များများ ကြားဖူးနားဝရှိမှာပါ။ 

တစ်ချို့ တွေအနေနဲ့ဆိုရင်လဲ ခေါင်းဆောင်မှုပညာလို့ ပြောလိုက်တာနဲ့ ပြောစရာမရှိ ဒါတွေပဲပြောနေကြတယ်လို့လဲ ထင်ကောင်းထင်နိုင်ပါတယ်။ ဒီနေရာမှာ ကျွန်မအနေနဲ့ စဉ်းစားစေချင်တာက သိတယ်ဆိုတာ ဘယ်အတိုင်းအတာထိသိလဲဆိုတာကိုပါ။ တစ်ချို့က သိတယ် ဆိုတာနဲ့ ရပ်ထားကြတယ် ၊ တစ်ချို့ ကလဲ သိတယ် စိတ်တော့ ဝင်စားတယ် ဒါပေမယ့် ဆိုတာနဲ့ ရပ်ထားတတ်ကြပါတယ်၊ အလွန်နည်းပါးတဲ့ ရာခိုင်နှုန်းသောသူများသာ သိတယ်၊ စိတ်ဝင်စားတယ်၊ လက်တွေ့ကျင့်သုံးတယ်ဆိုတဲ့အထိဖြစ်လာကြတာပါ။ ဒီလိုလူမျိုးတွေကပဲ ကမ္ဘာမှာ အောင်မြင်ကျော်ကြားသူတွေ ဖြစ်လာကြတာလို့ ဆိုချင်ပါတယ်။

ဒီနေ့ ခေတ်လို စီးပွားရေးနယ်ပယ်မှာပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်ထဲမှာပဲဖြစ်ဖြစ်၊ ယုတ်စွအဆုံး လူမှုရေးနယ်ပယ်မှာပဲဖြစ်ဖြစ် ပြိုင်ဆိုင်မှုတွေ၊ ဟန်ဆောင်မှုတွေများပြားလာတဲ့အခြေအနေမျိုးမှာ စည်းချက်ညီညီ သမမျှတစွာ၊ လိုက်လျောညီထွေပေါင်းသင်းဆက်ဆံတတ်ဖို့၊ အခြားသူများကို ထိခိုက်နစ်နာစေခြင်းမျိုး မရှိပဲ အသိတရားနဲ့ ယှဉ်တဲ့အောင်မြင်မှုမျိုးရဖို့ဆိုတာ အတက်ပညာတွေ တဖက်ကမ်းခတ် တတ်မြောက်ရုံနဲ့ မရရှိနိုင်တော့ဘူးဆိုတာတော့ သတိထားဖို့လိုပါတယ်။

ကျွန်မတို့ နေ့စဉ်နဲ့အမျှ ပေါင်းသင်းဆက်ဆံနေရတာကလဲ ခံစားချက်ရှိတဲ့ လူများဖြစ်တဲ့အပြင် ထိုသူများသည်လဲ ကြီးပြင်းလာသော ပါတ်ဝန်းကျင်အနေအထား ၊ ဖြတ်သန်းလာရတဲ့ ဘဝအနေအထားအမျိုးမျိုးကြောင့် ရှုမြင်သုံးသပ်ပုံ၊ စဉ်းစားတွေးခေါ်ပုံများသည်လဲ ကွဲပြားနိုင်တယ်ဆိုတာကို သတိထားဖို့လိုအပ်ပါတယ်။ ဒီလို အနေအထားမျိုးတွေနဲ့ ရှိတဲ့ လူမှုအသိုင်းအဝိုင်းမှာ အဆင်ပြေပြေ ပေါင်းသင်းဆက်ဆံနိုင်ဖို့ ၊ နာမည်ကောင်းနဲ့ အောင်မြင်မှုရရှိဖို့ ဘယ်လိုလုပ်ရမလဲဆိုတာလဲ ဒီနေ့ခေတ်အခြေအနေတွေရဲ့ စိန်ခေါ်မှု တစ်ရပ်ဖြစ်ပါတယ်။ များသောအားဖြင့် လူအများစုက လုပ်ငန်းကြောင့် စိတ်ဖိစီးမှုများခြင်းထက် လူမှုဆက်ဆံရေးရဲ့ စိန်ခေါ်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမှုတွေကများတယ်ဆိုရင် ငြင်းမယ်မထင်ပါဘူး။ 

လေ့လာစမ်းစစ်မှုတွေအရဆိုရင် လုပ်ငန်းခွင်အတွင်းအောင်မြင်မှုရဖို့အတွက် အတက်ပညာက ၁၅% နှုန်းမျှသာ အ ထောက်အကူ ပြုနိုင်ပြီး ကျန် ၈၅% နှုန်းကတော့ လူမှုပေါင်းသင်း ဆက်ဆံရေးပေါ်မှာ အများကြီးမူတည်တယ်ဆိုတာကို လေ့လာတွေ့ရှိထားပါတယ်။

ဒါဆို IQ / EQ / SQ ဆိုတာလေးတွေကို မသိသေးသူတွေအတွက် အနည်းငယ်ရှင်းပြရင်တော့ 

IQဆိုတာကတော့ (Intelligent Quotient)လို့ ခေါ်တဲ့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ဉာဏ်ရည်ဉာဏ်သွေးပေါ်မူတည်ပြီးသော်လည်းကောင်း၊ ရရှိထားတဲ့ ဘွဲ့၊ ပညာအရည်အချင်းပေါ်မူတည်ပြီးသော်လည်းကောင်း ယေဘူယျသတ်မှတ်ထားတာလို့ နားလည်နိုင်ပါတယ်။ 

ဒီနေရာမှာပြောချင်တာကတော့ IQ ဆိုတာကို လုပ်ငန်းခွင် ရာထူးခန့်ထားနိုင်ဖို့ အတွက် ကနဦး စဉ်းစားသုံးသပ်တဲ့နေရာမှာ ထည့်သွင်းစဉ်းစားလေ့ရှိကြပါတယ်။ ဒါပေမယ့် လုပ်ငန်းခွင်အတွင်း ဝင်ရောက်လုပ်ကိုင်ပြီးချိန်မှာ ရာထူးတိုးဖို့ ၊ အခြားတိုးတက်မှုများအတွက် စဉ်းစားဆုံးဖြတ်ချိန်မှာဆိုရင်တော့ IQ တစ်ခုတည်းနဲ့ စဉ်းစားဆုံးဖြတ်လို့မရတော့ပါဘူး ဒီအချိန်မှာ EQ (Emotional Quotient) စိတ်ခံစားမှုတွေကိုပါ ထည့်သွင်းစဉ်းစားလာကြပါတယ်။ 

EQ (Emotional Quotient )ဆိုတာကတော့ အကြောင်းအရာတွေ ၊ ပြဿနာတွေ ကို ကိုင်တွယ်ဖြေရှင်းရာမှာ တုံ့ပြန် တတ်တဲ့ မိမိရဲ့ စိတ်ခံစားမှု အခြေအနေတွေကို ဆိုလိုတာပါ။ အချို့သောသူတွေအနေနဲ့ သာမန်ချိန်တွေမှာ ပျော်ပျော် ရွှင်ရွှင် ပေါ့ပေါ့ပါးပါးနေတတ်ကြသော်လဲ အရေးကြီးသော အခြေအနေများမှာ လေးလေးနက်နက် စဉ်းစားဆုံးဖြတ်တတ်တာမျိုးတွေ ၊ အချို့သောသူများအတွက်ဆိုရင် သာမန်အချိန်တွေမှာ အသေးအဖွဲလေးကအစ အပြစ်ပြောတတ်ပေမယ့် တကယ့် အရေးကြီးအခြေအနေမျိုးတွေမှာ တာဝန်မယူရှောင်လွှဲတတ်တာတွေ၊ အချို့သောသူများအနေဖြင့် အနေတည်သော်လဲ အရေးကြုံချိန်မှာ ပူးပေါင်းဖြေရှင်းတတ်တာမျိုးတွေ စသည်ဖြင့် စိတ်ခံစားမှုများက အခြေအနေပေါ်မူတည်၍ တုံ့ပြန်မှု ကွဲပြားတတ်ကြပါတယ်။ ဥပမာ ဒေါသဖြစ်နေချိန်မှာ ဒေါသကို ထိန်းချုပ်နိုင်သော အရည်အချင်း၊ အများနဲ့ ပူးပေါင်းဆောင်ရွက်ချိန်မှာ ညှိနိုင်ဆောင်ရွက်တတ်ခြင်း၊ သနားစာနာတတ်ခြင်းတွေကလဲ EQ မြင့်မားသူတို့ရဲ့ အရည်အချင်းများမှာပါဝင်ပါတယ်။ ဒါကတော့ ခေါင်းဆောင်မှုအရည်အချင်းမှာ အရေးအကြီးဆုံးသော အရည်အချင်းဖြစ်ပါတယ်။ 

ဒါတွေအားလုံးကို ထိန်းညှိပေးမယ့် နောက် Quotient တစ်ခုကတော့ SQ (Spiritual Quotient) ပဲဖြစ်ပါတယ်။ ပညာအရည်အချင်းပြည့်စုံလွန်းပြီး လက်တွေ့ အခြေအနေများနှင့် ကင်းကွာမသွားစေဖို့၊ စိတ်ခံစားမှုများနောက်လိုက်ကာ ဘဝရဲ့ လောကဓံ တိုက်ပွဲများကြား ကျရှုံးမသွားစေဖို့ အရေးအကြီးဆုံးထိန်းညှိပေးတာကတော့ အသိဉာဏ်ပညာထိန်းချုပ်မှုပဲဖြစ်ပါတယ်။ 

ဒီအနေအထား၊ အခြေအနေရောက်ဖို့ဆိုရင်တော့ ခုဏကပြောခဲ့သလိုပါပဲ သိတယ်၊ သိတယ် စိတ်ဝင်စားတယ် ဒါပေမယ့် ဆိုတဲ့ အဆင့်မှာတင် ရပ်ဆိုင်မထားပဲ သိတယ်၊ စိတ်ဝင်စားတယ်၊ လက်တွေ့ကျင့်သုံးတယ် ဆိုတဲ့အဆင့်ထိရောက်အောင် နေ့စဉ်ပြုမူဆောင်ရွက်ဖို့ လိုပါတယ်ဆိုတာကို မျှဝေပေးလိုက်ရပါတယ်။ 


0 Comments

Leave a Reply

Your email address will not be published.